MBC မှာ BC I (Buddhist Counselling I), BC II နဲ့ Spiritual Formation တွေက မသင်မနေရ ဘာသာရပ်တွေပါ။ (အဲဒီ ၃ ခုက 9 Credits စီ။) ရွေးချယ်ပြီး ယူလို့ ရတဲ့ ဘာသာရပ်က အားလုံးပေါင်းမှ ၆ ခုထဲ ရှိပါတယ်။ (ဒါတွေကျတော့ 6 Credits စီပဲ ရှိ။) အဲဒီထဲကနေ ၄ ခု ယူရပါတယ်။ (လာမဲ့နှစ်တွေမှာတော့ တချို့ Course အသစ်တွေ ထည့်သွင်းသွားဖို့ ရှိဟန် တူပါတယ်။) အခု Buddhist mediation အကြောင်းကို မျှဝေပါဦးမယ်။
.
.
Mediation ဆိုတဲ့အတိုင်း Mediator လုပ်တဲ့ နည်းစနစ်တွေကို သင်ယူရတာပါ။ တချို့ကတော့ Negotiation, Arbitration ဆိုတဲ့ စကားလုံးတွေနဲ့ ရင်းနှီးမယ် ထင်ပါတယ်။ တချို့သင်တန်းတွေမှာ သဘောတူ ထားပြီး သုံးတာ ရှိပေမဲ့ ဒီသင်တန်းမှာတော့ Mediation ကို သီးသန့်အဖြစ် သတ်မှတ်ပါတယ်။ ဥပဒေပညာမှာ သင်တဲ့ Mediation က နည်းစနစ်တွေထဲမှာ ဗုဒ္ဓဓမ္မကိုပါ စုစည်းပေါင်းစပ်ထားတဲ့ ဘာသာရပ်လို့ ပြောရမယ် ထင်ပါတယ်။ သီအိုရီအပိုင်းရော လက်တွေ့အပိုင်းမှာ ထည့်ထားတာတွေက ခန္ဓာ ၅ ပါးတို့ ပဋိစ္စသမုပ္ပါဒ်တို့ပါပဲ။
.
.
Mediation ကို ဘယ်နေရာတွေမှာ သုံးသလဲဆိုတော့ နေရာ အတော်များများမှာ သုံးဟန် တူပါတယ်။ Crime ဇာတ်လမ်းတွေထဲမှာ K&R (Kidnap & Randsom) အကြောင်းတွေ ကြည့်ဖူးကြမှာပါ။ တစ်ယောက်ယောက်ကို ပြန်ပေးဆွဲပြီး အရွေးခိုင်းတာတွေလေ။ အဲဒီလို အဖြစ်အပျက်မျိုးတွေမှာ နှစ်ဦးနှစ်ဘက်ကြားမှာ စေ့စပ်ဖြေရှင်းပေးတဲ့ Mediator က ဒီနည်းစနစ်ကို သုံးရပါတယ်။ လက်တွေ့ ဘဝတွေမှာဆိုရင်၊ဥပမာ - အိမ်ထောင်ရှင်တွေ ကွာရှင်းတဲ့အခါ ပစ္စည်းပစ္စယ ခွဲဝေတဲ့အခါမျိုး၊ အများစု နေကြတဲ့ တိုက်ခန်းတွေမှာ တစ်ဦးနဲ့တစ်ဦး အဆင်မပြေ ဖြစ်ကြတဲ့အခါမျိုး၊ ကုမ္ပဏီဝန်ထမ်းနဲ့ ပိုင််ရှင်တို့ရဲ့ အဆင်မပြေမှုမျိုး စသည်စသည်ဖြင့် သုံးရတဲ့ နေရာတွေ အများကြီး ရှိပါတယ်။ နိုင်ငံအဆင့်အနေနဲ့တောင်မှ Mediator က ကြားဝင်ရတဲ့ အခါမျိုးတွေ ရှိပါတယ်။ ဘာဖြစ်လို့ Mediator ကို သုံးကြသလဲဆိုတော့ ပုံမှန်အားဖြင့် အဆင်မပြေတဲ့ ကိစ္စတစ်ခုဖြစ်ရင် ရုံးကနေ ဖြေရှင်းကြတာ များတာကိုး။ တကယ်ကျတော့ အဲဒီလို ဖြေရှင်းရင် အချိန်ရော၊ ငွေကြေးရော ကုန်ပါတယ်။လူသိရှင်ကြားလည်း ဖြစ်သွားတတ်ပါတယ်။ အဲဒါမျိုးတွေ မဖြစ်အောင် Mediator နဲ့ ဖြေရှင်းကြတာပါ။ တချို့ကိစ္စတွေက လူသိရှင်ကြားဖြစ်လို့ မကောင်းဘူးကိုး။ Mediator ကို ကူညီခိုင်းတဲ့အခါ လူများများ ပါဖို့ မလိုအပ်သလို ငွေကြေးလည်း အများကြီး မကုန်တော့ပါဘူး။
.
.
ဒီဘာသာရပ်က စိတ်ဝင်စားဖို့ အတော်လေး ကောင်းပါတယ်။ အဝေမတည့် ဖြစ်နေတဲ့ နှစ်ဦးနှစ်ဘက်ကို Mediator က “အားလုံး ကိုယ်ချည်းပဲ လိုချင်နေလို့ မဖြစ်ဘူး”ဆိုတာကို ပညာသားပါပါ ပြနိုင်အောင် လုပ်ရပါတယ်။ဒါတင်မက အချင်းချင်းကြားမှာ နားလည်မှု လွဲနေတာကိုလည်း တည့်မတ်ပေးရတဲ့သဘော ရှိပါတယ်။စိတ်ဝင်စားဖို့ ကောင်းတာက Mediator ရဲ့ စကားသုံးနှုန်းပုံပါ။ အဲဒါက အဓိကအချက်လို့တောင် ပြောလို့ ရပါတယ်။ တစ်ဘက်က ပြောတဲ့ စကားကို တစ်ဘက်ကို ပြန်ပြောတဲ့အခါ မခံမရပ်နိုင် မဖြစ်အောင် ဓမ္မဓိဋ္ဌာန်ကျကျ စကားကို သေချာ သုံးရတာပါ။ ခန္ဓာ ၅ ပါးကို အခြေပြုတဲ့ Reframing Pattern ကို ပညာသားပါပါ သုံးနိုင်အောင် ကြိုးစားကြရပါတယ်။ Mediation ရဲ့ ထူးခြားချက်က တကယ်ကျတော့ ကာယကံရှင်တွေကပဲ နည်းလမ်းရှာ၊ အဖြေထုတ်သွားကြတာပါ။ ရိုးရိုးပြောရရင်တော့ Mediator က ပါးစပ်ပဲ စိုက်ရတာပေါ့လေ။ ကာယကံရှင်တွေနဲ့ တစ်ဦးချင်း တွေ့တဲ့အခါမှာတော့ မဖြစ်နိုင်တဲ့အချက်မျိုးတွေကို ထောက်ပြ ပေးကြရပါတယ်။တစ်ချိန်တည်းမှာလည်း Mediation Process ကို ဆက်သွားနိုင်အောင်(တစ်ဦးဦးက မကျေနပ်လို့ ရပ်လိုက်တာမျိုး မဖြစ်အောင်)လည်း လုပ်ရပါတယ်။ ချော့တစ်ခါ ချောက်တစ်လှည့်သဘောလေးတွေ ပါတယ်လို့ ပြောရမှာပါ။
.
.
Buddhist Counselling ထဲမှာမှ ဘာဖြစ်လို့ ဒီဘာသာရပ်က ပါနေသလဲဆိုတာ အတိအကျ မသိပါဘူး။ဖြစ်နိုင်ခြေရှိတာကတော့ Mediation မှာ သုံးရတဲ့ နည်းနာတွေက Conselling မှာလည်း အထိုက်အလျောက် အသုံးပြုလို့ ရလို့၊ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ကြည့်မြင်တတ်အောင်လို့ ထည့်ထားတာလို့ ယူဆတာပါပဲ။
.
.
Assessment တွေကတော့ Assignment, Group Presentation, Two days workshop & Essay အားလုံးနဲ့ အမှတ်ပေးပါတယ်။ Workshop ၂ ရက်မှာကျတော့ ၃ ယောက်တစ်ဖွဲ့ (တချို့ ၄ ယောက်တစ်ဖွဲ့) Group တွေ ဖွဲ့ပြီး တစ်ဦးက Mediator အဖြစ် လက်တွေ့ Roleplay လုပ်ရတာပါ။ လက်တွေ့ လုပ်ငန်းခွင်ထဲ ဝင်နေတဲ့ ကျောင်းသားဟောင်းတွေကို ဖိတ်ထားပြီး Coach အနေနဲ့ သင်ပြခိုင်းပါတယ်။ ဒီတစ်ခါလည်း အတိတ်ကံရော ပစ္စုပ္ပန်ကံပါ မကောင်းခဲ့ပါဘူး။ Essay ပိုင်းမှာ အရေအတွက်သဘော အများကြီး ရေးနိုင်ခဲ့ပေမဲ့ အရည်အချင်းက မကောင်းခဲ့တာ ကိုယ့်ဘာသာအသိ။ နောက်ဆုံးရလဒ်ကတော့ B+ ပေါ့လေ။
.
.
ဒီသင်တန်းက အတော်လေးကို စိတ်ပျက်ဖို့ကောင်းတဲ့ သင်တန်းပါ။ (ဘာသာရပ်ကတော့ စိတ်ဝင်စားဖို့ ကောင်းတာ အမှန်ပါ။) ဆရာမက ကနေဒါ ရောက်နေတယ် ထင်တာပါပဲ။ မူရင်းကတော့ ဟောင်ကောင်သူပါ။ အခု သင်တာက Recorded Video တွေကို Moodle မှာ တင်ပေးပြီး သင်တာပါ။ [ကိုယ်လည်း Online course (Futurelearn, Coursera, Edx, etc.) တို့မှာ သင်ယူဖူးတာပါပဲ။ ခုလည်း သင်ယူနေဆဲ။ Online course တွေ ဖြစ်ပေမဲ့ ကျောင်းသားနဲ့ ဆရာ အထိအတွေ့အဆက်အဆံ ရှိကြပါတယ်။ မသိရင် စာမေးရတာ လွယ်ပါတယ်။ ကျောင်းသားကိုယ်တိုင်က သူ့ကိုယ်သူ ထိန်းကျောင်းနိုင်ရင် Online course တွေက အဆင်အပြေဆုံးပါ။] ဒါပေမဲ့ ဒီသင်တန်းကျတော့ အဲဒီလိုမျိုး မဟုတ်ပါဘူး။ တစ်ပတ်စာ ၃ နာရီကြာတဲ့ ရုပ်သံကို တင်ပေး၊ကျောင်းသားတွေက ကြည့်။ ဒါပဲ။ မေးစရာရှိရင် မေးလို့ရအောင်ဆိုပြီး Email address တွေလည်း ပေးထားပါတယ်။ ဒါပေမဲ့ ဒီဟာက အဲဒီလောက်နဲ့ မလုံလောက်ပါဘူး။ တခြားသင်တန်းတွေနဲ့ နှိုင်းယှဉ်ကြည့်မှ သိသာတာပါ။ တခြား သင်တန်းတွေမှာဆို တစ်နေ့တာ သင်ပေးစရာရှိတာ သင်ပေးပြီး အတန်းတွင်းမှာတင် လက်တွေ့အသုံးချခွင့်ရအောင် လုပ်ထားတာကိုး။ဒီဟာကျတော့ အဲဒီလိုကို မဟုတ်ပါဘူး။ ဒါနဲ့ သင်တန်းချိန် ၄ ချိန်လောက် အပြီးမှာ ဒီအကြောင်းကို တခြား အတန်းဖော်တွေနဲ့ ပြောကြည့်တော့လည်း သူတို့လည်း ကိုယ့်လိုပဲ၊ အဆင်မပြေ ဖြစ်ရကြောင်း ပြောကြပါတယ်။ အစတုန်းက ကိုယ်က ဘာသာစကား အခက်အခဲကြောင့်များလားလို့ ထင်မိပါသေးတယ်။ အတန်းဖော်တွေနဲ့ ပြောကြည့်တော့မှ သူတို့လည်း အတူတူပဲ ခံစားရတာ သိရတာပါ။ အထူးသဖြင့် သင်ခန်းစာတစ်ခု ပြီးဆုံးတိုင်း လက်တွေ့အသုံးချခွင့် ဖန်တီး မပေးတာကြောင့် အဆင်မပြေ ဖြစ်ရတာလို့ ယူဆတာပါပဲ။ သင်ခန်းစာအချိန်အတွင်းမှာ နမူနာယူစရာ Roleplay တွေ ပံ့ပိုးပြီး ခိုင်းခဲ့ရင် Workshop တွေမှာ သိပ် အခက်အခဲ မရှိလောက်ဘူးလို့ ယူဆမိပါတယ်။ အမှန်အကန် ပြောရရင် ပြီးခဲ့တဲ့ ၆ လပတ် တစ်ခုလုံးမှာ အချိန် အပေးမိဆုံးသင်တန်းက ဒီသင်တန်းပါ။ အချိန် ပေးရသလောက် အားမရတာလည်း ဒီဟာပါပဲ။ ဒါတောင် ကိုယ့်ကိုယ်ကိုယ် မကျေနပ်လို့ ဟောင်ကောင်ယူနဲ့ ချိတ်ထားတဲ့ Cousera ထဲက Negotiation & Mediation သင်တန်းတစ်ခု တက်ထားလိုက်သေးတာ။ ဆိုတော့ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ဆုံးသင်တန်းလို့ ပြောလို့ရပါတယ်။ဘာသာရပ်ကတော့ တကယ် ကောင်းတာပါ။
.
.
Meditation workshop တုန်းက ဓာတ်ပုံ မရိုက်လိုက်မိပါဘူး။
.
.
#HKU University of Hong Kong #ဟောင်ကောင် #HongKong #MBC #Master #Buddhist #Counselling #Buddhism #MasterOfBuddhistCounselling #မဟာ #ဓမ္မမန္တနာ #HKUer #HKUers ဟောင်ကောင်တက္ကသိုလ် #ဟောင်ကောင်တက္ကသိုလ် #ဗုဒ္ဓဘာသာ ဗုဒ္ဓဘာသာ 2022-2023 #Scholarship #စကောလားရှစ် #ဟောင်ကောင်ယူ
Comments
Post a Comment