Homiletics ဆိုတဲ့ ဝေါဟာရကို MBC ရဲ့ Course description ကို ဖတ်မှပဲ ကြားဖူးတာပါ။ စကားလုံးကသာ စိမ်းနေတာပါ။ အမှန်က “ဗုဒ္ဓဘာသာ တရားဟောနည်း/တရား တင်ဆက်နည်း”ပါ။ Homiletics က ဘာသာတရားအားလုံးရဲ့ တရားဟောတဲ့ နည်းနာမှန်သမျှနဲ့ ဆက်စပ်ပေမဲ့ အခုဟာကတော့ Buddhist Homiletics သက်သက်ပါ။ အမှန်က ကိုယ်တို့ဆီက တချို့နေရာတွေမှာ သင်ပေးတာတွေ ရှိတယ်လို့ ကြားခဲ့ဖူးပါတယ်။ မလွန် ဆန်လှူအသင်းတို့၊ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းတို့မှာ သင်ယူရတယ်လို့ ကြားဖူးတာပါပဲ။ အတိအကျတော့ မသိပါ။
.
.
ဒီ Homiletics အကြောင်းက Rhetoric နဲ့ တွဲပြောမှ ပိုကောင်းပါတယ်။ Rhetoric ဆိုတာက အပြောနဲ့ အရေးမှာ တင်ပြဟန်တွေကို လေ့လာတဲ့ပညာလို့ ပြောလို့ ရပါတယ်။ Homiletics နဲ့ ယှဉ်ရင် Rhetoric ကို လူသိ ပိုများပါတယ်။ Rhetoric ကို မကြားဖူးရင်တောင် Public Speaking ကိုတော့ ကြားဖူးကြသူ များပါတယ်။ အဲဒီ Rhetoric က နယ်ပယ်အားလုံးနဲ့ သက်ဆိုင်ပြီးတော့ အခု Homiletics ကတော့ ဘာသာရေးနယ်ပယ်သက်သက်နဲ့ သက်ဆိုင်ပါတယ်။ ဘာသာရေးဆိုတော့ နည်းနည်း ခွဲထုတ်လိုက်တဲ့သဘောပါ။ Rhetoric မှာက ကိုယ့်စိတ်ကြိုက် ကိုယ့်အလိုကျ ဖြစ်လာအောင်၊ ရလာအောင် တင်ပြရတာ ဖြစ်ပါတယ်။ ဘာသာရေးနယ်ပယ်မှာကျတော့ နောက်ဆုံးပန်းတိုင်ကတော့ နာကြားသူတွေ၊ ဖတ်ရှုသူတွေ အသိပညာ တစ်ခုခု ရသွားပြီး လက်တွေ့ ကျင့်သုံးတဲ့အခါ စိတ်ငြိမ်းချမ်းမှု ရသွားဖို့-ဆိုတဲ့ ဦးတည်ချက်က ရှိနေပြီးသား။ နောက်ဆုံးပန်းတိုင်က ကွာခြားပါတယ်။
.
.
ဒီသင်တန်းမှာ ဆရာ ၅ ဦးက သင်ပေးပါတယ်။ ဒီသင်တန်းမှာ တရုတ်ဘာသာရေး သမိုင်းကြောင်းမှာ ဟောဟန် အရွေ့တွေကို လေ့လာရပါတယ်။ သူတို့ဆီမှာလည်း ခေတ်ဟောင်းနဲ့ ခေတ်သစ် ဟောဟန် ကွဲပြားတာကို တွေ့ရပါတယ်။ ထေရဝါဒ ပိဋကတ်လာ ဟောဟန်တွေကို ခွဲခြမ်းစိတ်ဖြာ ပြတာတွေကိုလည်းပဲ သင်ယူရပါတယ်။ (ဒီ ထေရဝါဒပိုင်း ဆိုင်ရာကိုတော့ ဘင်္ဂလားဒေ့ရှ် လူပြန်တော် ဒေါက်တာတစ်ဦးက သင်ပေးတာပါ။) ပို သဘောကျတာကတော့ Rhetoric နဲ့ ရင်းနှီးပြီးသား၊ လက်တွေ့လည်း Public Speaking အတွေ့အကြုံတွေ ရှိပြီးသားဖြစ်တဲ့ ဆရာမတစ်ယောက် သင်ပေးတာပါ။ သူ့သင်တန်းချိန်က ၂ ချိန်ထဲပေမဲ့ လက်တွေ့ လုပ်ခိုင်းတာ ၂ ခု ပါတာကြောင့် လက်တွေ့ သင်ယူလိုက်ရတယ်လို့ ပြောလို့ ရပါတယ်။ (စကားမစပ် အခု တက်နေတဲ့ သင်တန်းချိန် တစ်ချိန်ဆိုတာ ၃ နာရီစာ ကြာပါတယ်။) သူကိုယ်တိုင် Slide အသုံးပြုပုံက အစ အတော်လေး စနစ်တကျရှိတာကို တွေ့ရပါတယ်။ Power Point ဆိုတဲ့အတိုင်း Point တွေကို ပြပြီး ကျန်တာကို အပြောနဲ့ တင်ဆက်သွားတာပါ။ နေရာယူပုံ၊ Eye contact မိအောင် နေပုံတွေက အစ အတော်လေး အတုယူစရာကောင်းပါတယ်။
.
.
ဒီသင်တန်းအကြောင်းကို Assessment ပိုင်းနဲ့ တွဲပြောမှ အဆင်ပြေပါတယ်။ Assessment ပိုင်းမှာ Group Presentation (Case Study), Group Presentation (Dhamma Talk) နဲ့ Reflection Essay တွေ ပါပါတယ်။ ကျောင်းသားတွေက ၆ ဦးစု(တချို့ ၅ ဦးစု)နဲ့ ကိုယ့်ဘာသာ Group ဖွဲ့ထားရပါတယ်။ အားလုံးပေါင်း 6 Group ပါ။ ဆရာတွေက Dhamma Talk Video ၆ ခုကို Moodle မှာ တင်ပေးထားပါတယ်။ မဟာယာနထဲက များပါတယ်။ မဟာယာနမှာကတော့ ဘိက္ခုလည်း ပါသလို ဘိက္ခုနီ/သီလရှင်လည်း ပါပါတယ်။ တိဘက်တစ်ပါးလည်း ပါပါတယ်။ ကိုယ်တို့ သိထားတဲ့အထဲကတော့ ဘိက္ခုဗောဓိတစ်ပါးပဲ ပါပါတယ်။ Group တိုင်းက စိတ်ကြိုက် Dhamma Talk Video တစ်ခုကို ရွေးချယ်ပြီး အဲဒီ ဟောတဲ့ ပုံစံထဲကနေ ကောင်းကွက်နဲ့ လိုအပ်ချက်တွေကို တင်ပြရပါတယ်။ အမှန်ကတော့ ဒီရုပ်သံထဲကနေ ဘာတွေ သင်ယူလိုက်ရသလဲ-ဆိုတာကို ပြစေချင်တာပါပဲ။ ဒါမှ ကိုယ့်အလှည့်ကျတဲ့အခါ ထည့် အသုံးချနိုင်မှာကိုး။ ဒီ Case study မှာ Group တိုင်းက ၁၀ မိနစ်စာ တင်ပြရပါတယ်။ ဒီအတွက် ကျောင်းသားတစ်ဦးစီက ၂ မိနစ်စာလောက်ပဲ တင်ပြချိန် ရှိပါတယ်။ ပြီးရင်တော့ Q&A ပေါ့လေ။
.
.
အဲဒီနောက် ကျောင်းသားတစ်ဦးစီ ၁၀ မိနစ်စာ ပါဝင်ရမဲ့ Dhamma Talk လာပါတယ်။ တစ်ဦးစီ သက်သက် ဟောပြရတာ မဟုတ်ဘဲ Group အနေနဲ့ပဲ လုပ်ရတာပါ။ Group member တွေ စိတ်ကြိုက် တရားဟောပြမဲ့ ခေါင်းစီးတစ်ခုကို ရွေးချယ်ပြီး ဟောကြရမှာပါ။ ခေါင်းစီး အတည်မပြုသေးခင် ‘ခေါင်းစီး၊ ပရိသတ်၊ ရည်ရွယ်ချက်’တွေကို ဆရာတွေဆီ အရင်ဆုံး တင်ပြရပါတယ်။ သူတို့က အတည်ပြုပေးမှ သေချာတာပါ။ အုပ်စုတိုင်းလိုလို ၂ ကြိမ် ၃ ကြိမ်လောက် ပြန် ပြင်၊တင်ပြကြရပါတယ်။ အဲဒီနောက် ကိုယ့်အုပ်စုနဲ့ကိုယ် အဆင်ပြေတဲ့နေရာ အချိန်တွေ ရွေးပြီး Idea generation လုပ်ကြ၊ Organize လုပ်ကြ၊ Rehearsal လုပ်ကြရပါတယ်။ ကိုယ်တို့အဖွဲ့မှာ လူ ၆ ဦးဆိုတော့ အားလုံးပေါင်း တစ်နာရီစာပါ။ တစ်ခု ပြောစရာရှိတာက အခု လုပ်ကြရတဲ့ Dhamma Talk က ကိုယ်တို့ဆီ သိနေတဲ့ ပုံစံနဲ့ သိပ် မတူပါဘူး။ Dhamma Presentation နဲ့ ဆင်တူနေတာပါ။ အားလုံးက Slide တွေ သုံးကြ၊ တချို့ဆို Performance လေး နည်းနည်း ထည့်ကြပါတယ်။
.
.
ဒီသင်တန်းက ကိုယ့်အတွက် သိပ်ပြီး နား မစိမ်းလှပါဘူး။ Rhetoric အကြောင်းကို နည်းနည်း လေ့လာဖူးထားလို့၊Edx က Rhetoric Course ကို တစ်ဝက်တစ်ပျက် တက်ဖူးထားလို့ နည်းနည်း နားရေပါးရေ ဝနေတာကြောင့်လည်း ပါပါတယ်။ မိတ်ဆွေတစ်ပါးနဲ့လည်း ဗုဒ္ဓဘာသာတရားတွေကို Rhetoric ပိုင်းကနေ လေ့လာပြလို့ ရနိုင်တဲ့အကြောင်း၊ တချို့ လုပ်ထားတာတွေ ရှိဟန်တူကြောင်း အရင်ကတည်းက ပြောဖြစ်ထားပါတယ်။ အခုဟာကတော့ ပိုပြီး အသေးစိတ် လေ့လာရတာကြောင့် အများကြီး အကျိုး ရှိတယ်လို့ ပြောလို့ ရပါတယ်။ မြန်မာပြည်က တရားဟောဟန်တွေကို လေ့လာပြလို့ ရနိုင်သလို၊ သီလရှင်နဲ့ လူပုဂ္ဂိုလ်တွေရဲ့ ဟောဟန်တွေကိုလည်း တင်ပြလို့ ရနိုင်ကြောင်း မိတ်ဆွေတစ်ပါးနဲ့ ဆွေးနွေးဖြစ်ခဲ့ပါသေးတယ်။
.
.
ဒီသင်တန်းနဲ့ ပတ်သက်လို့ အဆင်မပြေတာက Group work ကိစ္စပါ။ ကိုယ့်သဘောက ‘Group work တွေ လုပ်ရရင် သူတို့ ဦးဆောင်နိုင်ရင် ကိုယ်က နောက်ကလိုက်ဖို့၊ သူတို့ ဦးမဆောင်နိုင်ရင် ကိုယ်က ဦးဆောင်ဖို့’ စိတ်ပိုင်းဖြတ်ထားတာပါ။ မြန်မာမှာ တချို့သင်တန်းတွေ တက်တုန်းက Group work တွေနဲ့ လုပ်ဖူးထားတာပါပဲ။ နောက် Buddhist Mediation မှာတုန်းကဆိုရင်လည်း Group work က အဆင်အပြေဆုံးလို့ ပြောလို့ရပါတယ်။ ကိုယ့်တာဝန် ကိုယ်ယူ၊ဘာမှ သိပ် ပြောဖို့ မလိုခဲ့ပါဘူး။ အခုသင်တန်းမှာတော့ ဖြစ်ပုံက အုပ်စုဝင်တွေထဲမှာက ဆရာ လုပ်ချင်တဲ့သူတွေ ပါနေတဲ့အခါ အတော်လေး ပြောရ ခက်တော့တာပါ။ (ကိုယ့်ရဲ့ လိုအပ်ချက်ကတော့ သူတို့ သဘောပေါက်အောင် မပြောနိုင်ခဲ့တာပါ။ ဘာသာစကား လိုအပ်ချက်လို့ ပြောလို့ ရပါတယ်။ သူတို့ သဘောပေါက်နိုင်စွမ်း ရှိလိမ့်မယ်လို့ ထင်မိတာလည်း ကိုယ့်အမှားလို့ ပြောရမှာပါ။ ပြီးတော့ ကိုယ်က ရေလိုက်ငါးလိုက် မနေတတ်တာလည်း အားနည်းချက်လို့ ဆိုလေမလား။) Homiletics နဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ်၊ ဗုဒ္ဓဓမ္မနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ် ပို သိတာက သာသနာဝင်တွေပါ။ အဲဒါကို သိပ် နားလည်ကြဟန် မတူပါဘူး။ ဒီတော့ သူတို့ လုပ်ချင်တာတွေကိုပဲ တအား တိုက်တွန်းကြတာပါ။ သူတို့ သိတာက ထေရဝါဒဗုဒ္ဓဘာသာအကြောင်း ပြောမယ်ဆိုရင် ခန္ဓာ ၅ ပါး၊ ပဋိစ္စသမုပ္ပါဒ်၊လက္ခဏာရေး ၃ ပါး၊သစ္စာ ၄ ပါး။ဒါပဲ သိတာပါ။ဘာပဲလာလာ ဒါတွေနဲ့ပဲ ချဉ်းကပ်မယ်-ဆိုတော့ ကိုယ်ကတော့ ‘ဟဟ’ပဲ ပေးမိပါတယ်။အမှန်အကန်ပြောရရင် ဒီ Group work ကိစ္စ စိတ်ပျက်လွန်းလို့ ၁၀ မိနစ်စာ တရားဟောဖို့ ကိစ္စကနေ နုတ်ထွက်ဖို့တောင် စဉ်းစားမိပါသေးတယ်။ Assessment ရဲ့ 40% က ဒီကနေ ရမှာဖြစ်တဲ့အတွက်ကြောင့်၊ ပြီးတော့ နောက်ဆုံး Essay (40%) ကလည်း ဒါနဲ့ ပတ်သက်နေတာကြောင့် အသာလေး ပြန်ထိန်းလိုက်ရပါတယ်။ ကြုံခဲ့ရတာ အဆင်မပြေပေမဲ့ ပညာရတယ်လို့ပဲ သတ်မှတ်လိုက်ပါတယ်။ Salutary experience လို့ပဲ အကောင်းဘက်က တွေးယူပါတယ်။ ဒါပေမဲ့ တချို့သော Group member တွေနဲ့ ပတ်သက်လို့တော့ သူတို့အကြောင်း တွေးမိလိုက်တိုင်း Inconsiderate, Manipulating, Incompassionate & Stupid ဆိုတဲ့ ဝေါဟာရတွေပဲ ခေါင်းထဲ ရောက်ရောက်လာပါတယ်။ ထားပါတော့လေ။ နောက်ဆုံး ရလဒ်ကတော့ Mediation ထက်တော့ ကောင်းပါတယ်။A- ပါ။
.
.
စိတ်ဝင်စားဖို့ ကောင်းတာက သင်တန်းတစ်ချိန်မှာ ဆရာတော် သစ်နက်ဟန်ရဲ့ တင်ဆက်ဟန်ကို ရုပ်သံနဲ့ လေ့လာရပါတယ်။သူကိုယ်တိုင်က ဒရမ်?လား မသိ၊ တီးပါတယ်။ တခြားနောက်ပါတွေက တခြား တူရိယာတွေ တီးကြပါတယ်။ အတော်လေး ဆွဲဆောင်မှု ရှိတယ်လို့ ခံစားရပါတယ်။ဒါကို တွေ့မိတော့ ‘မဟာယာနရဟန်းတွေ နစ္စဂီတကို မရှောင်ကြဘူး’ထင်လို့ ဒီ ဟောင်ကောင်က ရဟန်းမ/သီလရှင်တစ်ပါးကို မေးကြည့်တော့ “ကိုယ်တို့လည်း ဝိနည်းအရ နစ္စဂီတကို ရှောင်ကြတာပါပဲ။ ဒါပေမဲ့ သူ တီးတာတွေက သူ့သက်သက် ပျော်ရွှင်မှုအတွက် တီးတာ မဟုတ်ဘူး။ ပရိသတ်တွေကို ဓမ္မဘက် ဆွဲဆောင်လို့ ရအောင် တီးတာ”လို့ ဆိုပါတယ်။ သူတို့ မဟာယာနပိုင်းမှာ ဝိနိစ္ဆတွေ ဘာတွေ ဘယ်လို ရှိမှန်း မစူးစမ်းမိပါဘူး။ အခု သဘောအရတော့ ကောင်းတဲ့ဘက်ကို ဦးတည်ပြီး လုပ်ရင် ခွင့်လွှတ်ကြတဲ့သဘောကို တွေ့ရပါတယ်။ ဘုရားအလောင်းစိတ်ဓာတ်ကို အလေးထားကြဟန် တူပါရဲ့။ တင်ဆက်ဟန်က ဆွဲဆောင်မှု ကောင်းပေမဲ့ ထေရဝါဒ အသိုင်းအဝိုင်းမှာတော့ ဒါမျိုး ရှောင်တာ အကောင်းဆုံးပါပဲ။
.
.
#HKU University of Hong Kong #ဟောင်ကောင် #HongKong #MBC #Master #Buddhist #Counselling #Buddhism #MasterOfBuddhistCounselling #မဟာ #ဓမ္မမန္တနာ #HKUer #HKUers ဟောင်ကောင်တက္ကသိုလ် #ဟောင်ကောင်တက္ကသိုလ် #ဗုဒ္ဓဘာသာ ဗုဒ္ဓဘာသာ 2022-2023 #Scholarship #စကောလားရှစ် #ဟောင်ကောင်ယူ
Comments
Post a Comment