.
(ငြိမ်းချမ်းပါစေ မြန်မာပြည်)
#ဓမ္မပညာ #ရဟန်းတော်ပညာရေး #ဆရာမွမ်းမံ #စဉ်ဆက်မပြတ်လေ့လာ #BuddhistStudies #Education #TeacherDevelopment #CPD
ကိုယ်တို့ဆီမှာ နှစ်စဉ်နှစ်တိုင်း စတုတ္ထနှစ်သမားတွေ ပြုစုတဲ့ စာမျက်နှာ ၅၀ စာတမ်းကိစ္စ၊ မဟာတန်းတွေရဲ့ စာမျက်နှာ ၁၅၀ ကျမ်းကိစ္စတွေကို တွေ့ရ၊ မြင်ရ၊ ကြားရပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး မိတ်ဆွေတချို့နဲ့ ခဏခဏ ပြောဖြစ်ခဲ့တာက "စံကိစ္စ"ပါ။ စနစ်တကျ သတ်မှတ်ထားတဲ့ စံ မရှိတော့ ကျောင်းသားတွေ အတော်လေး ဒုက္ခရောက်ကြရတာ အခါခါ။ မှတ်မိသလောက် တချို့အဖြစ်အပျက်လေးတွေ ဖောက်သည်ချပါဦးမယ်။
စတုတ္ထနှစ်စာတမ်းကို ဆရာတိုင်းက စစ်ဆေးကြရပါတယ်။ အဲဒီမှာ ဆရာတစ်ဦးနဲ့ တစ်ဦး အယူအဆ မတူတော့ ကျောင်းသားတွေ အခက်အခဲ တွေ့ရသလို သိပ် မကြီးကြပ်တဲ့ ဆရာရဲ့ အပြောအဆိုအောက်မှာ ကြီးကြပ်တဲ့ဆရာတွေခမျာလည်း အခက်အခဲ တွေ့ကြရပြန်ပါတယ်။ (ပြောင်းပြန်ကြီးနော်။) ဥပမာ - ဆရာကြီးတစ်ဦးက "မင်းကွန်းဆရာတော်ကြီး ရေးတဲ့ မဟာဗုဒ္ဓဝင်တွေကို ကိုးကားရင်လည်း ရပါတယ်"လို့ ပြောလိုက်တဲ့ စကားက "မူရင်း ပါဠိတော်ထိ ညွှန်း၊ အဲဒါမှ မရှိရင် အဋ္ဌကထာကို ညွှန်း၊ နောက်မှ ဋီကာတို့ကို ညွှန်း" ဆိုတဲ့ ဆရာငယ်တွေရဲ့ အဆိုနဲ့ လာပြီး ပဋိပက္ခ ဖြစ်နေတာမျိုးပါ။ ဘယ်ဟာ မှန်/မှားလို့ ပြောတာ မဟုတ်။ စံ မရှိလို့ ခက်ခဲနေတာကို သိစေချင်တာပါ။
ကျမ်းရဲ့ ပုံပန်းသဏ္ဌာန်နဲ့ ပတ်သက်လို့လည်း အတော် တိုင်ပတ်ကြပါတယ်။ မျက်နှာဖုံးကို ဘယ်လို စတိုင်နဲ့ ထားမလဲ။ ကျောင်းတံဆိပ် ပါရမှာလား၊ မလိုအပ်ဘူးလား စသည်ဖြင့် အခက်တွေ့ကြတာပါ။ တိုက်တိုက်ဆိုင်ဆိုင် လက်တလောမှာကိုပဲ ကျောင်းသားတစ်ပါးက မျက်နှာဖုံးမှာ ပန်းခက်လေးတွေဆိုလား ထည့်ထားသတဲ့။ အဲဒါ အပြင်စာစစ်နဲ့ တွေ့တော့ ထောက်ပြတော့တာပါပဲ။ ထောက်ပြလည်း ထောက်ပြရမဲ့ ကိစ္စကိုး။ ပြီးတော့ နောက်တစ်ပါးခမျာလည်း အပျောက်ကလေးတွေ ထည့်ထည့်ရေးထားတာတဲ့။ အစက်အပြောက် ၃ ပြောက်၊ ၂ ပြောက်၊ ၁ ပြောက်-တဲ့။ ကိုယ် သိထားသလောက် အစက် ၃ ပြောက်ကတော့ ပေယျာလသင်္ကေတအနေနဲ့ သုံးတယ်ထင်တာပါပဲ။ ကျန်တဲ့ ၂ ပြောက်၊ ၁ ပြောက်ကတော့ မသိ။ သေချာအောင် မြန်မာသဒ္ဒါစာအုပ်နဲ့ တိုက်ဆိုင်ဖို့ လိုအပ်တာပေါ့။ အဲဒါမျိုးတွေ။ ပိုဆိုးတဲ့ကိစ္စတစ်ခုကတော့ အဆင်မြင့်ကျမ်းတစ်ခုလို့ ပြောသံကြားပါတယ်။ ပုံသဏ္ဌာန်ပိုင်း စနစ်မကျဘဲ ရေးထားတာမို့ စာစစ်တွေခမျာ အတော် ခေါင်းခဲခဲ့ရပါသတဲ့။ အဲဒါ ကျမ်းပြုသူက "အကြောင်းအရာက အဓိကပဲ။ ပုံသဏ္ဌာန်တွေက အရေးမကြီးပါဘူး"လို့တောင် ဆိုသတဲ့။ ဒါနဲ့ ဆရာတစ်ဦးက "ပုံသဏ္ဌာန်လောက်တောင် မှန်အောင် မလုပ်နိုင်မှတော့ မင်းကျမ်းက ဘာသုံးရမှာတုန်း"လို့ ပြောယူရတယ်လို့ ဆိုပါတယ်။ နောက်ပိုင်း ဘယ်လို စခန်းသိမ်းသွားလဲတော့ မသိပါ။
ပြီးတော့ မကြာခင်က ကိုယ့်မျက်စိရှေ့မှာတင် ဖြစ်သွားတာကလည်း စဉ်းစားစရာပါ။ ပြင်ပစာစစ်က Compilation, Thesis, Dissertation အခေါ်အဝေါ်ကိစ္စတွေနဲ့ ပတ်သက်ပြီး လက်ရှိကျမ်းက မဟာကျမ်းမို့ Thesis လို့ ခေါ်သင့်ကြောင်း ပြောပါတယ်။ သူပြောတာ မှားတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သူက "စံ စကား"နဲ့ ပြောတာ မဟုတ်ဘဲ သူသိထားတဲ့ ရှေးဟောင်းအသိနဲ့ ပြောနေတာပါ။ ဒီတော့ ကိုယ်က မနေနိုင် မထိုင်နိုင် ဝင်ပြီး "ယူကေမှာဆိုရင် ဒေါက်တာကျမ်းကို Thesis လို့ ခေါ်တဲ့အကြောင်း၊ ယူကေမှာဆို Dissertation ဆိုတာ စကားလုံး တစ်သောင်းကနေ တစ်သောင်းခွဲအထိ ရှိတဲ့ Degree/Diploma ကျမ်းမျိုးကို ခေါ်ဆိုကြောင်း၊ Thesis ကတော့ စကားလုံး ရှစ်သောင်းကနေ တစ်သိန်းထိ ရှိတဲ့ Higher Degree (e.g. PhD) ကျမ်းမျိုး ဖြစ်ကြောင်းတွေ ထည့်ပေးရတယ်။ နောက်ပိုင်းကျမှ Dissertation vs Thesis သတ်မှတ်တာတွေက နိုင်ငံ တစ်ခုနဲ့ တစ်ခု မတူတဲ့အကြောင်း၊ ဆိုင်ရာ တက္ကသိုလ်တွေက သတ်မှတ်တဲ့အတိုင်း သတ်မှတ်ရတဲ့ စံကိစ္စဖြစ်တဲ့အကြောင်း ပြောခဲ့ရပါတယ်။ (နောက်ပိုင်းကျတော့ ဒီတက္ကသိုလ်မှာ မဟာကျမ်းကို Thesis လို့ သုံးမှာ ဖြစ်ပြီး ဒေါက်တာကျမ်းကို Dissertation လို့ သုံးမယ်လို့ တစ်ဦးက သတ်မှတ်လိုက်ပါတယ်။ ဟုတ်ပါတယ်။ တစ်ဦးတည်းက သတ်မှတ်လိုက်တာပါ။ တစ်ဦးတည်းက သတ်မှတ်လိုက်တာပါ။ တကယ်က နဂိုက သတ်မှတ် ထားပြီးသား မဟုတ်ရင် ပညာရေးအဖွဲ့က အားလုံးစုံညီဆွေးနွေးပြီး သတ်မှတ်ရတဲ့ ကိစ္စမျိုးပါ။ နဂိုကတည်းက သတ်မှတ်ထားပြီးသား မဟုတ်ဘူးဆိုတာလည်း ရှေ့ပိုင်း ဆွေးနွေးပွဲမှာ တွေ့ထားပါတယ်။ သတ်မှတ်ထားပြီးသားဆိုရင် ရှေ့ပိုင်းမှာ ဆွေးနွေးနေကတည်းက ဝင်ပြောရမှာကိုး။)
နောက် မဟာကျမ်းကိစ္စတစ်ခုမှာ ပြင်ပစာစစ်က "မဟာကျမ်းဆိုပေမဲ့ စာတမ်းနဲ့ သိပ်ပြီး မကွာကြောင်း" ပြောပါသတဲ့။ ဒါပေမဲ့ အဲဒီစကားကို တိုက်ရိုက်ကြားတဲ့ ဒီက ဆရာတွေက ဘာမှ ဝင်မပြောလို့ ကျောင်းသားခမျာ မျက်နှာ ငယ်ခဲ့ရတယ်လို့လည်း ကြားဖူးပါတယ်။ ဖြစ်ပုံက ဒီမှာက မဟာကျမ်းဆိုပေမဲ့ စာတမ်းနဲ့ မကွာပါဘူး။ (ကိုယ်တို့ မဟာကျမ်းလည်း စာတမ်းနဲ့ မကွာခြားပါဘူး။) ဒါကလည်း ကျောင်းသားရဲ့ လိုအပ်ချက် မဟုတ်ဘဲ သတ်မှတ်ထားတဲ့ စံရဲ့ လိုအပ်ချက် ဖြစ်နေတာပါ။ ဆိုလိုတာက မဟာကျမ်းကို စာတမ်းနဲ့ မတူစေချင်ရင် ဘယ်လို အချက်တွေနဲ့ ပြည့်စုံရမယ်လို့ သတ်မှတ်ထားချက် ရှိရပါမယ်။ သတ်မှတ်ချက် မရှိတာက အကြောင်းရင်းပါ။
တစ်ခါတုန်းကလည်း ကျောင်းသားတစ်ဦး သူ့ဆရာဆီ သူ့ကျမ်းကို သွားပြပါတယ်။ စာစစ်ဆရာက "နာမည်တွေကို စာလုံးစောင်း(Italic)နဲ့ ပြပေး"လို့ မိန့်ပါသတဲ့။ ဒါနဲ့ ကျောင်းသားက နာမည်တွေ အကုန်လုံး စာလုံးစောင်းနဲ့ ရေးပေးလိုက်ပါရော။ အပြင်စာစစ်နဲ့ တွေ့တဲ့အခါ အပြင်စာစစ်က "မင်းက ဘာကိစ္စ စိတ်ရူးပေါက်ပြီး နာမည်တွေကို စောင်းထားတာလဲ။ နာမည်ဆိုရင် အစစာလုံးကို စာလုံးကြီးနဲ့ ရေးရင် ရပြီပဲ"လို့ ပြောပြီး ပုံမှန်အတိုင်း ပြင်ခိုင်းပါရောတဲ့။ အဲဒီကျောင်းသားခမျာ "ဆရာ ၂ ပါး၊ အယူပြား၊ နောက်သား ခက်ဖို့ရာ"နဲ့ ကြုံရပါလေရော။ ဒီထက်ဆိုးတာ ရှိပါသေးတယ်။ ကျောင်းသားတစ်ယောက် ပြင်ပစာစစ်နဲ့တွေ့တော့ စာစစ်က ကျမ်းညွှန်းကိစ္စတွေကို သူ့စိတ်ကြိုက် ပြင်ခိုင်းတာပါ။ တကယ်က ကျောင်းသားက ဒီက ရှိပြီးသား မူတွေအတိုင်း (Senior မဟာကျမ်းတွေရဲ့ Style Guide အတိုင်း) ရေးထားတာပါ။ ဒါပေမဲ့ ပြင်ပစာစစ်က ပြင်ခိုင်းတော့ သူ့ခမျာ အတော်ဒုက္ခရောက်ရပါတယ်။ ကိုယ့်ဆီ လာပြီး တိုင်ပင်တော့ ကိုယ်က "အဲဒီလို ပြင်ပေးဖို့ မလိုအပ်ကြောင်း၊ မပြင်သင့်ကြောင်း၊ လက်ရှိ သုံးနေတဲ့ မူက အမှားကြီး ဖြစ်နေရင်တောင် ကိုယ်က ချွန်ပြီး ပြင်ဖို့ မလိုအပ်ကြောင်း၊ လက်တလော သတ်မှတ်ထားတဲ့ မူအတိုင်းပဲ လိုက်နာသင့်ကြောင်း' ပြောရပါတယ်။ ဒါပေမဲ့ နောက်ပိုင်း သူ့ကိစ္စ ဘယ်လို ပြီးသွားလဲ မသိတော့ပါဘူး။ တကယ်က ပြင်ပစာစစ်က အဲဒီလောက်ထိ မလုပ်ရပါဘူး။ လုပ်သင့်တယ်ထင်လို့ လုပ်မယ်ဆိုရင် ပညာရေးအဖွဲ့ကို ပြောပြီး စုံညီစည်းဝေးပြီးမှ ပြင်ရမှာပါ။ သတ်မှတ်ပေးရမှာပါ။ တကယ်လို့ အဲဒီကျောင်းသားက အဲဒီပြင်ပစာစစ် ခိုင်းတဲ့အတိုင်း ပြင်လိုက်ရင် နောက်လူတွေခမျာ သူနဲ့ တွေ့ရင် Style Guide ကိစ္စနဲ့ ဒုက္ခရောက်ဦးမှာပါ။
တချို့သူငယ်ချင်းတွေလည်း ဒီကိစ္စကို ခဏခဏ ပြောကြ၊ ကျောင်းသားတွေလည်း စိတ်ပျက်ကြပါတယ်။ "စံ မရှိတော့ လုပ်ရတာ ခက်တယ်။ ဘယ်သူ့စကား အတည်ယူရမှန်း မသိဘူး"စသည်ဖြင့်။ ဒီတော့ အခုချိန်က နည်းနည်း အားတဲ့အချိန်မို့ ဒီကိစ္စတွေကို ဖြေရှင်းပေးဖို့ အချိန်ကောင်းလို့ ထင်မိတာပါ။ လုပ်ရမှာက "စာတမ်း၊ မဟာကျမ်း၊ ဒေါက်တာကျမ်းကိစ္စတွေ ခွဲခွဲခြားခြား သတ်မှတ်ပေးဖို့"ပါ။ (ရှက်ရှက်နဲ့ ပြောရရင် ကိုယ်လည်း တိတိကျကျ မသိပါဘူး။ ဒီတော့ ဟုတ်နိုးနိုးနဲ့ပဲ လမ်းညွှန်နေရတာပါ။ ဒါကြောင့်လည်း ကွဲကွဲပြားပြား သိချင်နေတာပါ။) စာတမ်း၊ မဟာကျမ်း၊ ဒေါက်တာကျမ်းတွေရဲ့ ပြင်ပသဏ္ဌာန်က ဘယ်လို ရှိရမယ်၊ အနှစ်သာရက ဘယ်လို ဖြစ်ရမယ်ဆိုတာကို ခွဲခွဲခြားခြား ပြပေးဖို့ပါ။ အခုချိန်ဆိုရင် အလုပ်အားနေတဲ့ အရည်အသွေးကောင်း ဆရာ/မတွေ အများကြီး ရှိနေပါတယ်။ သူတို့နဲ့ တိုင်ပင်ပြီး လုပ်လိုက်ရင် ၃/၄ လဆိုရင် အခြေခံအတွက် အတော်လေး အဆင်ပြေပါပြီ။ ပြီးမှ တဖြည်းဖြည်းချင်း ဖြည့်စွက်သွားရမှာပါ။ တစ်အုပ်တည်း ကိုင်ပြီး နှစ်တစ်ရာလုံး သုံးနေဖို့လည်း မဖြစ်သေးပါဘူး။ သိရသလောက်ဆိုရင် Chicago Manual of Style ဆိုရင် ခဏခဏ Update လုပ်တာပါ။ APA ဆိုရင်လည်း အခု 7th edition ရှိပြီ ထင်ပါတယ်။ တဖြည်းဖြည်းချင်း မူကောင်းရအောင် ပြင်သွားရတာက ပညာရေးဓလေ့တစ်ခုပါ။
အဲဒီလို ပြုစုလိုက်လို့ စာတမ်း၊ မဟာကျမ်း၊ ဒေါက်တာကျမ်းတွေအတွက် သတ်မှတ်ထားတဲ့ စံ ရှိပြီဆိုရင် ကျောင်းသားတွေကို အဲဒီမူအတိုင်း လိုက်နာခိုင်းရုံပါပဲ။ ပြင်ပစာစစ်တွေကိုလည်း ဒီမူနဲ့ စစ်ပေးပါလို့ ခိုင်းလိုက်ရုံပါပဲ။ ဒါဆိုရင် ဆရာအချင်းချင်းလည်း ငြင်းခုံစရာ မရှိတော့ပါဘူး။ ပြင်ပစာစစ်ကိုလည်း လေကုန်ခံပြီး ပြောနေဖို့ မလိုအပ်တော့ပါဘူး။ စာအုပ်ချုပ်ပြီးမှ ပြင်ခိုင်းရတဲ့ ကိစ္စမျိုးတွေနဲ့လည်း ကြုံစရာ မရှိတော့ပါဘူး။ ဒီအချိန်က ဒီအတွက် အချိန်ကောင်းပါ။
(အချိန်ကောင်း ၁ ကို ဖတ်ချင်ရင် ဟောဒီမှာပါ။)
ကိုဗစ်ဘေး၊ ကိုညစ်ဘေးတွေကနေ ကင်းဝေးကြပါစေ။
ငြိမ်းချမ်းပါစေ မြန်မာပြည်။

Comments
Post a Comment